မေး။ ဂျာမနီနိုင်ငံတွင် ဘာကြောင့် ပညာသင်ယူသင့်သလဲ။
ဖြေ။ မည့်သည်နိုင်ငံတွင် ပညာသင်ယူသင့်သည်ကို ရွေးချယ်ရာတွင် အောက်ပါ အချက် ၃ ချက်အပေါ် အခြေခံပြီး စဥ်းစားသင့်တာ ဖြစ်ပါတယ်။
(က) တက်ရောက်မည့် တက္ကသိုလ်နှင့် လုပ်ငန်းခွင်သင်တန်း၏ အရည်အသွေးနှင့် ကမ္ဘာ့အဆင့်။
(i) ဂျာမနီိနုင်ငံ၏ တက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်း ပထမ သုံးနိုင်ငံ – အမေရိကန်ပြည်ထောင်စု USA ၊ ယူနိုက်တက်ကင်းဒမ်း UK နှင့် ဂျာမနီနိုင်ငံ Germany – တွင် ပါဝင်ပြီး ဂျာမနီနိုင်ငံရှိ အစိုးရ တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများအတွက် ကျောင်းလခမပေးရန်မလိုဘဲ တက်ရောက်နိုင်ပါသည်။
(ii) ဂျာမနီနိုင်ငံ၏ အသက်မွေးဝမ်းကျောင်းသင်တန်း Ausbildung များသည် ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခံထားရပြီး၊ နိုင်ငံတကာကျောင်းသားများသည် ကျောင်းလခပေးရန်မလိုဘဲ သင်တန်း တက်ရောက်နိုင်ပြီး၊ ပညာသင်ကြားနေစဉ်အတွင်း လစာဝင်ငွေကိုလည်း ရရှိနိုင်ပါသည်။
(ခ) အလုပ်အကိုင် အခွင့်အလမ်းနှင့် ရေရှည်နေထိုင်ခွင့် အခွင့်အလမ်း။
(i) ဂျာမနီနိုင်ငံသည် ဥရောပတွင် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့အဆင့်တွင် စီးပွားရေးအင်အား အကြီးဆုံး ကမ္ဘာထိပ်တန်း သုံးနိုင်ငံ – USA, China, Germany – တွင် ပါဝင်ပါသည်။ စီးပွားရေး အင်အား ကြီးမားခြင်းက ဂျာမနီနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ကောင်းမွန်စေတာဖြစ်ပါတယ်။
(ii) ဂျာမနီနိုင်ငံသည် ပညာသင်ကြားနေစဉ် မိသားစုကို ခေါ်ဆောင်လာခွင့်ပြုသည့်အပြင်၊ ပညာသင်ပြီးဆုံးပြီးနောက် အလုပ်ရှာဖွေနိုင်ရန် ဆက်လက်နေထိုင်ခွင့် ဗီဇာ ပေးပါသည်။ သတ်မှတ်ထားသော အလုပ်အတွေ့အကြုံရရှိပြီးနောက် ဂျာမနီတွင် အမြဲတမ်းနေထိုင်ခွင့် ရရှိနိုင်ပြီး၊ နောက်ပိုင်းတွင် ဂျာမန်နိုင်ငံသားဖြစ်ခွင့်လည်း ပေးပါသည်။
(ဂ) ဘဝတိုးတက်မှု အခွင့်အလမ်း၊ လုံခြုံရေးနှင့် စိတ်ချရသော အနာဂတ် ရှိမှု။
(i) ဂျာမနီနိုင်ငံသည် သည် ဘဝတိုးတက်ရေးနှင့် ကိုယ်ပိုင်အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်း အမြင့်ဆုံး ပေးနိုင်သော ကမ္ဘာ့ထိပ်တန်း သုံးနိုင်ငံ – United States၊ Switzerland နှင့် Germany – တွင် ပါဝင်ပါသည်။
(ii) ဂျာမနီနိုင်ငံသည် နိုင်ငံခြားမှ ရွှေ့ပြောင်းလာသူများအတွက်လည်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်တိုးတက်ရေး အခွင့်အလမ်းများ ပေးနိုင်မှုတွင် ကမ္ဘာ့ထိပ်တန်းတွင် ရပ်တည်နေပါသည်။
ဂျာမနီနိုင်ငံတွင် ပညာသင်ကြားခြင်းအားဖြင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များမှ ဘွဲ့ဒီဂရီများကို ကုန်ကျစရိတ် အသက်သာဆုံးဖြင့် ရရှိနိုင်ပါသည်။ ဥရောပ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံတွင် အရည်အသွေးမြင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ရေရှည်တည်တံ့သော အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှုများနှင့် မိမိနှင့် မိသားစုအတွက် အလုပ်နှင့်ဘဝ မျှတသော၊ လုံခြုံစိတ်ချရသော အနာဂတ်ကို ရရှိနိုင်ပါသည်။
ထို့အပြင် နိုင်ငံတကာအသိအမှတ်ပြု ဂျာမန်တက္ကသိုလ်ဘွဲ့များ၊ Ausbildung လက်မှတ်များနှင့် လက်တွေ့အလုပ်အတွေ့အကြုံများသည် အနာဂတ်ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများကို ပိုမိုကောင်းမွန်လာစေမည်ဖြစ်သဖြင့်၊ ဂျာမနီတွင် ပညာသင်ကြားခြင်းသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါသည်။
မေး။ ဂျာမနီမှာ ပညာသင်ယူနိုင်ဖို့ ငွေဘယ်လောက်ရှိရမလဲ။
ဖြေ။ နိုင်ငံတကာကျောင်းသားများသည် ဂျာမနီရှိ အစိုးရတက္ကသိုလ်များတွင် ပုံမှန်အားဖြင့် ကျောင်းလခ မပေးရသော်လည်း၊ ဂျာမနီတွင် ရေရှည်နေထိုင်ခွင့်ဗီဇာ ရရှိရန်အတွက်၊ မိမိတွင် တစ်နှစ်တာ နေထိုင်စားသောက်စရိတ် လုံလောက်သောငွေကြေးရှိကြောင်း – အကြမ်းအားဖြင့် ယူရို ၁၂,၀၀၀ (ကျပ် ၆၀၀ သိန်း) – အထောက်အထား သက်သေပြရမည်ဖြစ်ပါသည်။
ဂျာမနီနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းသင်တန်းတက်ရောက်သူများအတွက် ကျောင်းလခကို အလုပ်ရှင်မှ ပေးဆောင်ပြီး ပညာသင်ကြားနေစဉ်အတွင်း ဝင်ငွေလစာရရှိမည် ဖြစ်သောကြောင့်၊ ဂျာမနီတွင် ရေရှည်နေထိုင်ခွင့်ရှိဗီဇာ ရရှိရန်အတွက်၊ မိမိတွင် ငွေကြေး အထောက်အထား တစ်စုံတစ်ခုရှိကြောင်း အထောက်အထား သက်သေပြရန် မလိုအပ်ပါ။
မေး။ ဂျာမနီမှာ ကျောင်းသားတစ်ယောက် အလုပ်လုပ်ပါက၊ မိမိ၏ နေထိုင် စားသောက်စရိတ်နှင့် ပညာသင်စရိတ်များကို ကာမိနိုင်ပါသလား။
ဖြေ။ ဂျာမနီနိုင်ငံတွင် နိုင်ငံတကာကျောင်းသားများသည် ပညာသင်ချိန်ပြင်ပ၌ ၁ နှစ်လျှင် အချိန်ပြည့်အလုပ်ကို ၅ လခွဲ သို့မဟုတ် အချိန်ပိုင်းအလုပ်ကို ၁၁ လခန့် တရားဝင် အလုပ်လုပ်ခွင့်ရရှိပါသည်။ ကျောင်းသားများသည် တစ်ရက်လျှင် အနည်းဆုံး လုပ်ခ ယူရို ၁၁၁ ခန့် (ကျပ် ၅ သိန်း) ခန့် ရရှိနိုင်သောကြောင့် တစ်နှစ်လျှင် ယူရို ၁၃,၀၀၀ ခန့် (ကျပ် ၆၅၀ သိန်း) ဝင်ငွေရရှိနိုင်ပါသည်။ ၎င်းဝင်ငွေသည် နေထိုင်စားသောက်စရိတ်နှင့် ပညာသင်ဆိုင်ရာ ကုန်ကျစရိတ်များကို အများအားဖြင့် ကာမိမည်ဖြစ်ပါသည်။
ဂျာမနီနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းသင်တန်း Ausbildung တက်ရောက်သူများအတွက် အလုပ်ရှင်မှ သင်တန်းစရိတ်ကို ပေးဆောင်ပေးလေ့ရှိပြီး၊ သင်တန်းတက်ရောက်နေစဉ်အတွင်း လစဉ် လစာ ယူရို ၁,၀၀၀ ခန့် (ကျပ် ၅၀ သိန်း) သို့မဟုတ် တစ်နှစ်လျှင် ယူရို ၁၂,၀၀၀ ခန့် (ကျပ် ၆၀၀ သိန်း) ရရှိနိုင်သဖြင့် ငွေကြေးပိုင်းဆိုင်ရာအရ အဆင်ပြေပါသည်။
